သွယ်လင်းဆက်

ကျွန်တော့်၏အမည်မဲ့များ
Showing posts with label အမည်မဲ့များ. Show all posts
Showing posts with label အမည်မဲ့များ. Show all posts

အမည်မဲ့ (၁၉)

>> 06 November, 2013

နှလုံးသားရဲ့ ပြင်းပြမှုမှာ
မျက်ဝန်းနက်နက်နဲ့ အူကြောင်ကြောင်ကောင်မလေး
မရိုင်းတရိုင်းပျော်ဝင်ရရင်
ကိုယ်အလွမ်းနဲ့ကိုယ် မှည့်ဝင်းလတ်ဆတ်ရတာ
သွေးရိုးသားရိုးမဟုတ်တာကလွဲရင်
ကျနေ အောက်မှာ ခဏခဏဆုံတာပဲ
တစ်ယောက်ကိုတစ်ယောက်
ကြာကြာရှည်ရှည် ဘယ်သူကြည့်ရဲခဲ့လို့လဲ
တိမ်တွေသာ စကားပြောတတ်ရင်
ကိုယ့်စိတ်က ကိုယ့်မနောကံကို မပိုင်ခဲ့တဲ့အကြောင်း...........

Read more...

အမည်မဲ့ (၁၈)

>> 16 March, 2010

တစ်ခုခုကို လွမ်းနေတယ်
ဘာကိုမှန်းမသိဘူး
ဝတ်မှုံခံအာရုံ ပျိုးပျိုးမှာ
ငါ့ကိုလာနှိုးပါ
ငါ နေဝင်တာကိုကြည့်ချင်တယ်...........

နှစ်ကြိုးပြိုင်
လွန်းတင်ရစ်တဲ့ စောင်းမှာ
တစ်ကြိုးကို တစ်ကြိုးဆိုင်ဖို့
ကံကြမ္မာရဲ့လက်သဲထက်
လွန့်လူးလို့ ခတ်ပြရနဲ့..........

ဒါလိုနဲ့
အဝေးရောက် ဗီးနပ်စ်ရဲ့
ကမောက်ကမ နိုင်မှုကြောင့်
ရင်ခွင်တစ်ခြမ်းပဲ့တေးသွားတို့
ပြိုထွက်လာခဲ့.............

မောတယ် ဒီရေ ရယ်
ဝမ်းရေးကြောင့်
ခပ်သောက်ခဲ့ရသောပင်လယ်မှာ
စိတ်တစ်ချက်ပင့်တိုင်း
အလွမ်းက လက်တဆစ်တိုင်အောင်မြုပ်တယ်..........

မစိုက်ပဲပွင့်ခဲ့တဲ့ စံပယ်ဟာ
ငါ့ရဲ့ ခေတ်ကြိုးခေတ်ကြားက
မရှိုက်ပဲပြယ်သွားတဲ့ ရနံ့အကြောင်း
အားလုံးကြားအောင်
ပျိုးရစ်ခဲ့ပြန်တယ်..........

အနုပညာမြင်ရိုင်းနဲ့
ငါ ထင်ရာစိုင်းပြန်တော့လည်း
ထုဆစ်ခဲ့သမျှ ကျောက်စာတိုင်းမှာ
မင်းလက်ဖဝါးက သွေးခြည်ဥထက်ပိုပြီး
အရာမထင်ခဲ့ပြန်ဘူး...........

နောက်ဆုံး
ရမ္မက်တွေသိုသိပ် ခိုးလို့အိပ်ချိန်
ရင်ညွန့်ထက်က အကြောစိမ်းများ
ငါ့အိပ်မက်များကို
ရောလို့ယှက်လေတယ်.........

Read more...

အမည်မဲ့ (၁၇)

>> 01 January, 2010

ဒီလိုနဲ့
ပွဲတော်ညအလွန်ရှင်းတမ်း
တိတ်ဆိတ်မှု တစ်သောင်းအားနဲ့
ငါ့ကို မှောင်တစ်ဆောင်းကျစေခဲ့ပေါ့..........

ငါ့လည်း နင့်သစ်ပင်ဖြစ်ခဲ့တာပဲ
ခုတော့ ငါ့ရဲ့ကောက်သင်းကောက်အလွမ်း
နင့်အတွက် တစ်ဘာသာဆန်းနေပြီလား
လယ်သူမရေ..........

နှစ်သစ်ကို
ဆူးခက်လွမ်းနာတွေနဲ့ကြို
နင်ကတော့ အိပ်မက်ပျိုတွေနဲ့
ဘယ်ထိအောင် ခြေချင်းရှုပ်ဦးမှာလဲ..........

ဝေးနေတိုင်း နီးနေတဲ့စိတ်
အိပ်နေတိုင်း နိုးနေတဲ့မနောနဲ့
စောဝင်ခဲ့တဲ့ဆောင်းမှာ ငါဟာကျောဆန့်
မင်းကိုလွမ်းဖို့ မပျင်းရိပါဘူးကွယ်..........

ဘယ်သူမှ မသိခဲ့တဲ့ မှဲ့နက်တစ်လုံးပေါ့
(အဲဒီညက)နတ်ဆိုးတစ်ကောင်လိုခုန်ပေါက်
ရက်စက်ဂီတနဲ့
ငါ့ရင်ကိုခတ်သွားခဲ့တာ..........

Read more...

အမည်မဲ့ (၁၆)

>> 20 November, 2009

ချစ်သူရေ.....
သွေးသားထက်က
မီးခိုးရောင်လက်ချောင်းတွေဖြေလျှော့
ငါ့ကို အသက်ရှူခွင့်ပြုပါ
မှောင်တစ်ဝက် လင်းတစ်ဝက်နဲ့
ကံကြမ္မာလမ်းမှာ
မြူခိုးတွေ စူးနစ်ကုန်ကြပြီ..........

မင်းပေးထားတဲ့
နေတစ်ကွယ်စာကနေ ပြေးထွက်
အလင်းတွေထက် မြင့်အောင်
ပျံသန်းနိုင်တဲ့ ငှက်တစ်ကောင်အဖြစ်
ရာဇဝင်မှာ တွင်ကျန်ရစ်ခဲ့ချင်တယ်..........

တနင်္ဂနွေ (၇)ခု လွန်မြောက်
နောက်ဆုံးတော့လည်း
စစ်ရှုံးသူတို့ အလင်္ကာ
မင်းရဲ့ရယ်သံအောက်မှာ
ဌာန်ကရိုဏ်းကျကျ ရွတ်တတ်ဖို့ပဲလိုတယ်..........

ချစ်သူရေ.....
တစ်ကယ်တော့ ငါဟာ
အတောင်တစ်လက် အရှုံးတစ်ဖက်နဲ့
ဘေးတိုက်ပျံနေတဲ့ ငှက်တစ်ကောင်ကွဲ့
သိရဲ့လား..........

Read more...

အမည်မဲ့ (၁၅)

>> 20 June, 2009

ဒဏ်ရာအနာတရနဲ့ပါ
မိုးရွာသောတနင်္ဂနွေနေ့များ
ရင်ဟောင်းလောင်းနဲ့လူငယ်တစ်ယောက်
ကျောင်းသွားဖေါ်လေးနဲ့အိမ်အပြန်
စိတ်ကူးတွေချိတ်ဖူးတယ်..........

မာယာမဆန်သော အပြုံးနဲ့
ဝဲဂယက်ထခဲ့ဖူးသော ရာသီအချို့
အလင်းတစ်ချက် အလှုပ်မှာ
ဖျက်ကနဲ ပြိုကျဖူးသော ငါ့နန်းတော်
ဟို.....ခင်တန်းမှာ တိမ်တွေညိုရင်
ဝေမှိုင်းစွာနဲ့ လွမ်းရပြန်တယ်..........

အိနြေ္ဒဆန်ဆန် မကတတ်သော
ကကြိုးပျက် မင်သမီး
အလင်းတွေကြားက
ဗျက်စောင်းသံအမှား မှာ
ရှင်းလင်းတောက်ပစွာကြွေလွင့်ဖူးသော
စပယ်ဖြူလေးတစ်ပွင့်
ဟို.....အရင်သော အချိန်အခါက
ပင်လယ်ဖြစ်ခဲ့ဖူးတယ်..........

Read more...

အမည်မဲ့ (၁၄)

>> 14 June, 2009

သဟာဇာတ ဖြစ်မှုမဖြစ်မှုအောက်က
နာမလေးတစ်ခု လေတိုးတိုင်း
ပြူတင်းပေါက်က ဝင်လာပါ့မလား..........?

မနေ့ညက မနေ့ညထဲ
ဆိတ်ငြိမ်မှုတွေကို
မျက်ရေတွေနဲ့ ဖေါက်ခွဲ
အေးစက်စက် လက်ဖဝါးလေး
ဘယ်ဘက်ရင်အုံထက်
အမြဲတမ်း ကိန်းဝပ်နေချင်မိရဲ့..........

ကော်ဖီတစ်ခွက်က
အိပ်ပျက်စေခဲ့သလား?
ချစ်သူ...မင်းကပဲ
အိပ်ပျက်စေခဲ့သလား..........?

နှစ်ယောက်အတူ ငိုခဲ့တဲ့ညထဲ
လက်ဖဝါးတွေ မြဲမြံဖို့ ကြိုးစားရင်း
တစ်ယောက်ညလေးမှာ
တစ်ယောက်ကပျော်လို့..........

Read more...

အမည်မဲ့ (၁၂)

>> 22 May, 2009

မင်းဟာ
ငါ့မျှော်လင့်ချက်တွေကို ရိုက်ချိုး
ကိုယ့်ကိုကိုယ် ပျိုးတဲ့ မီးတစ်စင်း..........

မှားတယ်လို့ ဝန်ခံ
မင်းမှန်ပါတယ် ဆိုတာတောင်
ထောက်ထားတဲ့ဒူးကို ရိုက်ချိုး
ဆန္ဒတွေမှောက်တဲ့ အထိ
ငါ့ကိုထိုးခဲ့တယ်..........

မင်းကတော့ တန်ရာတန်ကြေးဆိုပေမယ့်
ငါ့အတွက်တော့
ဒါက ရင်မဆယ်နိုင်တဲ့ ဒါဏ်ရာဒါဏ်ကြေး..........

ဒုက္ခတွေပေါ်မှာ
မင်းနာမည်ကို တံဆိပ်ကပ်
တိတ်တိတ်လေး ပျော်ခဲ့ဖူးပေမယ့်
ဒုက္ခတွေက နာမည်မပြောင်း
ငါသာဘဝပြောင်းဖို့ ကြိုးစားပေးခဲ့တာ
မင်းကြောင့်ပေါ့ ချစ်သူ..........

Read more...

အမည်မဲ့ (၁၁)

>> 21 May, 2009

မိုးစုန်းစုန်းချုပ်မှ
လရောင်အောက် ဖျစ်သိပ်ခဲ့ရတဲ့အလွမ်း
နှစ်လုံးတည်းနဲ့ပဲ ရာဇဝင်တွေလည်းကျေခဲ့..........

မလွမ်းလောက်ပါဘူး ပြောတဲ့လူတွေ အပြင်ထွက်
ဒီအခန်းထဲမှပဲ ငါတို့လွမ်းကြရအောင်
ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ အလွမ်း
ရုပ်နာမ်ခွဲလို့ ရမယ်ထင်လား..........

တစ်ကယ်တော့ချစ်သူဆီမှာ ဦးတည်ကပ်ငြိလို့
ယဲ့ယဲ့လေးလွမ်းလည်း သူ့ဆီ
နာကြည်းစွာလွမ်းလည်း သူ့ဆီ
မလွမ်းတတ်အောင်လွမ်းလည်း သူ့ဆီရောက်မယ်..........

ကျွန်တော်ကတော့ ကျေကျေနပ်နပ်ကို လွမ်းခဲ့ပါရဲ့..........

Read more...

အမည်မဲ့ (၁၀)

>> 17 April, 2009

ဘယ်သူမှမသိတဲ့ ကျရှုံးစိတ်တွေ
လူတွေမမြင်အောင် ပြန်ဝှက်
ငါ့ကိုငါ ပြန်ရှက်နေရတဲ့အချိန်
လက်ဝဲဘက် ကောင်းကင်တစ်ခုစာလစ်လပ်မှုတွေနဲ့
သင်းကွဲစိတ်တွေက ခူးရခဲ့လို့လား..........

အလင်းတွေ အမှောင်ချ
ကျိတ်မှိတ်ပြီး အိပ်စဉ်
မမြင်နိုင်တဲ့ အဖြူတစ်မှုံစာမှာ
မင်းကို ငါမြင်နေရသေးတယ်..........

Read more...

အမည်မဲ့ (၉)

>> 27 October, 2008

အများသိပြီးသား
အက်တမ်တစ်ခု
ပေါက်ကွဲမှုအားက
လိမ္မော်သီးတစ်လုံးလောက် မချဉ်ဘူး..........

ဒီအချိန်မှာ ဘာလုပ်နေလဲ
လွမ်နေသလား
အိပ်ငိုက်နေသလား
တစ်ခုခုတော့ ဖြစ်သင့်တယ်..........

ဆာလောင်မှုတွေနဲ့
ကဗျာရေးချတော့
ဒါဏ်ရာတွေပဲ ထွက်လာတယ်..........

ဥတုသုံးပါးလုံး လွမ်းတဲ့စိတ်
ဘယ်သူမှမသိအောင် ကျရှုံးလို့
သက္ကရာဇ်တွေပြိုလဲ
အတိတ်တွေပဲ ပြန်ပြန်ရောက်နေလို့
မရိတ်သိမ်းရသေးတဲ့
နင့်အကြောင်းမေးလိုက်တယ်..........

ဒီအချိန်မှာ ဘာလုပ်နေလဲ
လွမ်းနေလား
အိပ်ငိုက်နေလား..........

Read more...

အမည်မဲ့ (၈)

>> 26 October, 2008

ဝါကျတွေ
သူစိမ်းဆန်လိုက်ပုံများ
အပြာရောင်နေ့စွဲတွေတောင်
မေ့ကုန်တယ်..........

ဒန်းလေးပေါ်က
ရှက်ပြုံးလဲ့ မျက်ဝန်းတစ်ချို့နဲ့
ကိုယ်သင်းရနံ့ချိုချိုတစ်ခု
ပြန်ကောက်ချင်တယ်..........

ဘာမှမကျန်တော့တဲ့
ရင်ရနံ့တွေကို
လူမသိပဲ ခိုးနမ်းခဲ့တာ
သူမသိပါစေနဲ့..........

Read more...

အမည်မဲ့ (၇)

စိတ်ကူးတွေ
ယိုင်းညွှန်းမဲ့ခဲ့
ကပိုကရို အလှတွေလည်း
မရစ်ဝဲကျတော့
ဆန္ဒတွေ ခဝါချရမဲ့
ဗလာမဲ့ရင်ခွင်မှာ
နင့်ကို နားခိုခွင့်ပြုရဲ့
အကာအကွယ်မဲ့မဖြစ်စေရဘူး..........

Read more...

အမည်မဲ့ (၆)

>> 24 October, 2008

ငါလေ.....
ခါးသက်သက် အလွမ်းတွေမှာ
ပန်းဆက်ရတုန်းပဲ..........

မျှော်လင့်ချက် နောက်ကွယ်မှာ
ပြောင်းလဲခြင်း နိယာမတွေ
ဘောင်ဘင်ခတ်နေတယ်
ရနံ့တွေ ပြိုထွက်လာတယ်
ဆန္ဒတွေ ဝေဝါးတုန်းပဲ..........

အလင်းနတ်သမီးရေ
အမှောင်တစ်ဝက်နဲ့
နင်ကြမ္မာငင်နေတာကို
ငါ မကြည့်ရက်ဘူး..........

ငါ့လက်နဲ့ ထုဆစ်ခွင့်မရတဲ့နင်
ဒီလိုနဲ့ ပျက်သုန်းရတော့မယ်..........

Read more...

အမည်မဲ့ (၅)

>> 20 October, 2008

ဒီလို ဧပရယ်လမှာ
ရင်ဘက်ဟောင်းနဲ့လူ
နှစ်ယောက်တစ်အိပ်မက် မြင်ရင်
နှလုံးသားအာဟာရ က
တစ်ကျစ်ကျစ် မြည်တယ်..........

ကံကြမ္မာပဲ ခါးခဲ့သလား
ရင်ခုန်သံပဲ မှားခဲ့လေသလား
ဝေဝါးဝါး အတိတ်က
သံယောဇဉ် လက်ကျန်ရှင်းတမ်း
အဘယ်သောဓါးနှင့် ခုတ်ပိုင်းရမလဲ..........

သတိရစိတ် တဖွားဖွားဝေရင်
ငါ့ကို ငါပဲ သေဆုံးရမလား
ငါကိုယ်တိုင်ပဲ သေဆုံးနေသလား..........

Read more...

အမည်မဲ့ (၄)

>> 18 October, 2008

ကံကြမ္မာ မျက်နှာသာမပေးတဲ့
အလှည့်အပြောင်း တစ်ခုမှာ
သာမန် မောင်းမတစ်ယောက်
အမည်နာမ ချွတ်လဲခံရတယ်
ဘုရင့်ကြင်ယာတော်တဲ့..........

အစိမ်းရင့်ရောင်နက္ခတ်တွေနဲ့
မင်ရဲ့နန်းသက်စံပွဲမှာ
ငါ ခရုသင်း မှုတ်ခွင့်မရပါစေနဲ့
အညတရတစ်ယောက်ရဲ့ ကြီးမြတ်ခြင်းဟာ
အိပ်မက်ထဲက ဂုန်မ္ဘာန်တစ်ထောင်ရဲ့
ကြမ္မာငင်ပွဲလိုပဲ..........

မင်းရဲ့ရှေ့မှောက်မှာ ငါဒူးထောက်ရင်း
ရွှေဗဟိုစည်သံ တစ်ချက်အောက်က
နှစ်ယောက်တည်း သိခဲ့တဲ့
ညတွေကို လွမ်းတယ်..........

သေခြင်း၊ ရှင်ခြင်း
မသေချာတဲ့ စစ်မြေပြင်မှာ
ငါ့ဓါးသွားတွေ သွေးရဲဖို့
ငါ့နှလုံးအိမ်မှာ မင်းပုံရိပ်တွေ
တင်စီးဖို့ပဲ လိုတယ်..........

ဒီတိုက်ပွဲမှာ
သေခြင်း ရှင်ခြင်းထက်
မင်းနဲ့ငါ ဘဝမခြားဖို့ အရေး
မျှော်တွေးရင်း စွန့်စား
အားလုံးက ချီးကျူးတယ်
ငါဟာ အရဲရင့်ဆုံး စစ်သူကြီးတဲ့..........

အို.....လှနတ်ဖုရားမ
မင်းကြောင့် ငါ့သွေးရဲခဲ့တာ
ဘယ်သူမှ မသိပါစေနဲ့..........

Read more...

အမည်မဲ့ (၃)

>> 16 October, 2008

ဒီလိုနဲ့
ရာသီတွေလည်း ခဝါချကုန်ပြီ
လျှောက်နေကျ လမ်းလေးကတော့ စိမ်စိုမြဲ
ဥပက္ခာတရားအောက်မှာ
ပေးခဲ့ဖူးတဲ့ ကတိတွေ
ကမောက်ကမနဲ့..........

အလင်းပွင့်တွေရေ
ချစ်ခြင်းမှာ အသိတရားနည်းခဲ့တဲ့ကောင်ကို
အမှောင်ချလိုက်စမ်းပါ
ရိုးသားမှုနဲ့ ချစ်ခြင်း
သဟာဇာတ မဖြစ်မှန်းကြိုသိခဲ့ရင်
ဘဝဟာ သမရိုးကျလမ်းပေါ်က
ဖယ်သွေသွားလိမ့်မယ်..........

Read more...

အမည်မဲ့ (၂)

>> 15 October, 2008

ဒီယာခင်းလေးကတော့
စိမ်းစိုလန်းဆန်းမြဲပါပဲ
ထင်ကျန်ရစ်တာဆိုလို့
နက္ခက်အစုံအညီမှာ
နင့်အတွက်ချုပ်ထားတဲ့
သတိုးသမီး ဝတ်စုံလေးတစ်စုံ
အရောင်အသွေး စုံလင်စွာနဲ့
ပန်းချီကားတစ်ချပ်
သောက်သုံးခဲ့ဖူးသော နင့်သစ္စာတွေ...........

ငါကိုယ်တိုင် ခိုးယူခဲ့တဲ့
မီးတောက်လေးရေ
နှစ်ကိုယ်တူ ယှဉ်တွဲ
လျှောက်ရမယ့် လမ်းမှာ
တစ်ယောက်ကိုတစ်ယောက်
စားသုံးလို့
ကံကြမ္မာ အဝန်းအဝိုင်းမှာ
မင်းမျက်လုံးတွေ
အရောင်တောက်ပါစေ..........

နိုင်တယ်ထင်ခဲ့တဲ့ ပွဲက
အရှုံးတွေ နင်သိခဲ့ရင်
မျက်ဝန်းတစ်ချက် အပင့်မှာတင်
အကြိမ်ကြိမ် ကျရှုံးဦးတော့မယ်
အတိတ်ကို အရိပ်လိုလိုက်ရင်
တောင်ပေါ်လမ်းလေးမှာ
ပုန်းညက်ပန်းတွေ ပွင့်ကြပြန်ပြီ..........

Read more...

အမည်မဲ့

>> 13 October, 2008

အဲဒီနေ့က မိုးမရွာပါဘူး
ဒါပေမယ့် ရင်ခွင်တစ်ခြမ်းလုံး
အုံ့မှိုင်းနေခဲ့..........

ခရမ်းရောင်ကောင်းကင်ကို
မျှော်ကြည့်တော့
ဥပက္ခာတွေ ပြိုကျလာတယ်..........

နတ်သူရဲတွေ
ကြဲပက်တဲ့ အိပ်မက်မှာ
ငါဟာ ရာဇဝင်မကောင်းခဲ့သူပါ..........

အဲဒီညက
မိုးမရွာပါဘူး
ကောင်းကင်က လမင်းနဲ့ကွယ်နေခဲ့တယ်..........

Read more...
Photobucket

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP