ပွဲတော်ညဟာ နင့်ကိုယ်ငွေ့နဲ့နွေးနေတုန်း
>> 15 January, 2010
နှစ်သစ်ကူးညမှာ
ရာစုနှစ်အတွင်းက
ကြားနေကျ အသံလေး
လွင့်ပါးစွာနဲ့ တမ်းတခြင်းကိုရှတယ်
နှင်းတွေ …
နှစ်တွေ …
လွတ်လပ်တဲ့သီချင်းကိုညည်းနေတဲ့ လူတွေ …
(တစ်ကယ်က) လွတ်လပ်တဲ့ လေဟာနယ်ကိုယ်တိုင်က
လှောင်အိမ်ထဲမှာ …
နှစ်တွေ …
နှင်းတွေ …
နောက်..........
သေသွားတဲ့အိပ်မက်တွေ
အသက်နဲ့နီးသော သစ္စာတရား
အရာဝတ္ထုတွေရဲ့ သေးသိမ်မှုတွေ
ဝေးခဲ့တဲ့အသိမှာ လွမ်းနေတဲ့ကဗျာ
အားလုံးဟာ
ကမ္ဘာရဲ့ ဟိုဘက်အခြမ်းရော
ကမ္ဘာရဲ့ ဒီဘက်အခြမ်း မှာပါ
ကိုယ်နဲ့ မဆိုင်ရသလိုပဲ
တံခါးဟာ ကိုယ့်စကားနဲ့ အတူ ပိတ်သွား …
ကိုယ့်အမြင်အာရုံတွေကိုလည်း
တံခါးနဲ့အတူ ပိတ်မသွားဖို့
ရော်ရွက်တွေလို လေယူရာပါမသွားဖို့
ဟိုးရှေ့ရှေ့တုန်းက
နွေးနွေးထွေးထွေးအနမ်းလေးကိုပဲ
ဒိုင်ယာရီစာအုပ်အဟောင်းလေးထဲ
ပြန်ဖွင့်ဖတ်နေရ
နှစ်တွေ …
နှင်းတွေ …
နောက် …
အနမ်းတွေကတော့ မသစ်နိုင်တော့ပြီပဲ
မချိတင်ကဲပါပဲ ဒီဇင်ဘာ …
နင်ဟာငါ့အတွက်ကတော့
အဟောင်းထည်ပဲ
ဆောင်တွင်းမလေးရေ
အဖိုးအခမဲ့ ကြင်နာခြင်းတွေနဲ့
ဤခင်တန်းမှာ..........
အမြဲတမ်း စိမ်းလန်းရင်း
ဒီအချိန်ကို
ဒီအရိပ်အောက်မှာ
နောက်ထပ်လာထိုင်ဦးမယ်
ခုတော့
ငါပြန်ပြီ ဒီဇင်ဘာ…။ ။



